၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့။ မြန်မာ့သမိုင်း ၏ အရေးပါသော နေ့များထဲမှ နေ့ရက်တစ်ခုဖြစ်သည်။
ထိုနေ့ကို ပြည်ထောင်စုကြီးထဲမှ ပြည်ထောင်စုလေး တစ်ခု ပေါက်ဖွားလာစေမည့် နေ့ရက်၊ လူငယ်များ၏ အမျိုးသား ရေး စိတ်ဓာတ်ကို အရှိန်မြင့် ဖော်ကျူးပြမည့်နေ့ရက်၊ လွတ်လပ် ရေး ကြိုးပမ်းမှုအတွက် လူငယ်ခေါင်း ဆောင်များကို မွေးထုတ်ပေး မည့် အသိုက်အဝန်းတစ်ခု၏ နေ့ရက် အစရှိသဖြင့်တင်စား ပြော ဆိုကြပေလိမ့်မည်။
နိုင်ငံအတွက်ဖြစ်စေ၊ လူမျိုးအတွက်ဖြစ်စေ အရေးကြီး ဆုံး အချက်သည် ပညာရေးဖြစ်သည်။ ပညာရေးကသာ အရာ ရာကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ အရာရာကို ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်သည်။ ပညာရေး အား ကောင်းမှ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အားကောင်းနိုင်မည် ဖြစ်သည်။
ပညာရေးဟု ဆိုလိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်ကို သတိရကြသည်။ ပညာရေးကြောင့် အရာအားလုံး တိုးတက်ခဲ့ သည်ကို ရန်ကုန်တက္ကသိုလ်က သက်သေပြခဲ့သည်။ ရန်ကုန် တက္ကသိုလ်ကို မြန်မာနိုင်ငံ၏ ထိပ်ဆုံးပညာရေး ဟူ၍ပင် မြန်မာ့ စွယ်စုံကျမ်း စာမျက်နှာထက်၌ ဖော်ပြထားခဲ့သည်။
သူ့ကျွန်ဘဝကျရောက်စဉ် ကိုလိုနီခေတ် မြန်မာနိုင်ငံ ၏ပညာရေးက အားရဖွယ်မရှိခဲ့ပေ။ မြန်မာတို့၏ပညာရေးမှာ ချိုးနှိမ်ခံထားရသည်။ ဗြိတိသျှ အုပ်ချုပ်ရေးယန္တရား လည်ပုံ နိုင်ရုံ မျှ ပညာရေးစနစ်ကိုသာ ထားရှိခဲ့သည်။
ကိုလိုနီကောလိပ် ပညာရေးက ၁၈၇၈ ခုနှစ်တွင် ပေါ် ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့သော်လည်း ကောလိပ် ပညာရေးကို သင်ကြားနိုင်သူ ရှားပါးခဲ့သည်။ ပညာမလိုလား၍ မဟုတ်ပေ။ ပညာသင်စရိတ် ကြီးမြင့်မှု ကြောင့်ဖြစ်သည်။ ၁၈၉၁ ခုနှစ်အချိန် က ကောလိပ်ပညာရေး သင်ကြားသူ ဦးရေမှာ တစ် နိုင်ငံလုံး အတိုင်းအတာ အရ ၄၄ ဦးသာရှိခဲ့သည်။ ၁၉၁၂ ခုနှစ် တွင် ၃ဝဝ ဦးမျှရှိလာခဲ့သည်။ သာမန် လက်လုပ်လက်စား ဘဝ များနှင့်တောင် သူသားသမီးများက ကောလိပ်ပညာရေးနှင့် အလှမ်းကွာနေဆဲ ဖြစ်ခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားနှင့် နီးစပ်သူများကသာ တက်ရောက်နိုင်ခဲ့ကြသည်။ ၁၉၁၄ ခုနှစ် အချိန်အထိ သိပ္ပံဘွဲ့ရသူ တစ်ဦးမျှ မရှိခဲ့ပေ။ သို့သော် အထက် တန်းပညာ သင်ယူသူ အရေအတွက်မှာမူ တိုးတက်လာ ခဲ့ပါ သည်။
ကောလိပ်ပညာရေးနှင့်အတူ ပေါ်ပေါက်လာသည်မှာ ရန်ကုန်ကောလိပ်ဖြစ်သည်။ ရန်ကုန်ကောလိပ်သည် အိန္ဒိယနိုင်ငံ ကာလက္ကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ဖြစ်သည်။ ဗြိတိ သျှအစိုးရက ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်း ထားသော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
၁၉ဝ၄ ခုနှစ်အချိန်၌ ရန်ကုန် ကောလိပ်ကို အစိုးရကော လိပ်ဟု ခေါ် ဆိုခဲ့သည်။ ယူနီဗာစီတီကောလိပ်ဟုလည်း ခေါ် ဆို သည်။ အချိန်ကြာလာသည်နှင့်အမျှ ကောလိပ်ပညာရေး စနစ်က မြန်မာလူငယ်များ အကြား စိမ့် ဝင်လာခဲ့သည်။ ကောလိပ်ပ ညာရေးမှ တစ်ဆင့်အနောက်တိုင်း အယူအဆအရ သင်ကြား ပို့ ချသော တက္ကသိုလ်ပညာရေးကို စတင်ထိတွေ့ ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြားတက္ကသိုလ်မှာမူ ပေါ် ထွက်လာခဲ့ခြင်း မရှိသေးပေ။
အခြားတစ်ဖက်တွင်လည်း မြန်မာတို့၏ အသိအမြင် တိုးတက်လာမှုက ကောလိပ်ပညာရေးကို ပြောင်းလဲမှုရှိစေရန် အကြောင်းဖန်လာခဲ့သည်။ မြန်မာနိုင်ငံအတွက် သီးခြား တက္ကသိုလ် ထူထောင်ပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုလာ ကြသည်။ မြန်မာတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ဗြိတိသျှ အစိုးရက စိုးရွံ့မှုရှိနေခဲ့သည်။ ပညာသင်ကြားခြင်းမှ တစ်ဆင့်ရ ရှိသော အသိဥာဏ်ဖွံ့ဖြိုးမှုကို ရောက်ရှိမည့် ကိစ္စရပ်ကိုစိုးရွံ့ နေ ခြင်းဖြစ်သည်။ အသိ ဥာဏ်ဖွံ့ဖြိုးမှုက ဗြိတိသျှတို့၏ ချုပ်ကိုင် မှုကို ရိုက်ချိုးနိုင်ရန်အဓိက လက်နက်ဖြစ်နေခဲ့သည်။
သီခြားတက္ကသိုလ် ထူထောင်ပေးရေးကိစ္စရပ်ကို ၁၈ ၉၂ခုနှစ် အချိန်ကတည်းက မြန်မာတို့က တောင်းဆိုခဲ့သည်။ ၁၉ ၁၆ ခုနှစ်အချိန်အထိ ဗြိတိသျှ အစိုးရကလိုက်လျောမှု မပြုခဲ့ပေ။ တောင်းဆိုမှုများက ပို၍ အရှိန်မြင့်လာ ခဲ့သည်။ တောင်းဆို ချက်များ ပြင်းထန်လာချိန်တွင် ဘုရင်ခံ ဆာဟာကုတ် ဘတ္တ လာနှင့် သူ၏နေရာကိုဆက်ခံခဲ့သော ဆာရယ်ဂျီနယ် ကရက် ဒေါက် တို့က စဉ်းစားလာရသည်။ စဉ်းစားမှု နှင့်အတူ တက္ကသိုလ် တစ်ရပ်ထူထောင် နိုင်ရန် ဥပဒေကြမ်းရေးဆွဲရန် ပြင်ဆင်ခဲ့ ကြသည်။ သုံးနှစ်တာခန့် ကြာမြင့်ခဲ့ သည်။ ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် က ဥပဒေ ကြမ်းကို အတည်ပြုခဲ့သည်။
ထိုသို့ အတည်ပြုလိုက်သည့် အတွက် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တက္ကသိုလ်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသော ရန်ကုန်တက္က သိုလ် ဟူ၍ စတင်ဖြစ်ပေါ်လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးအဓိပတိမှာ မြန်မာ ပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဟင်နရီကရက်ဒေါက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းအုပ်ကြီးမှာ ဓာတုဗေဒပါမောက္ခ မစ္စတာမက် သရူးဟန်တား ဖြစ်သည်။ ပထဆုံးမော်ကွန်း ထိန်းမှာ မစ္စတာ စီဒ ဗလျူအိန်လေး ဖြစ်ပါသည်။
တက္ကသိုလ်များ အဆောက်အဦ ဆောက်လုပ်ရန် အတွက် ရွှေတိဂုံဘုရားလူကြီး ဦးဘကျော်ပိုင်မရမ်းခြံ (ယခု ကမာ ရွတ်တက္ကသိုလ်နယ်မြေ) ကို ဝယ်ယူပြီး တည်ဆောက်ခဲ့ သည်။ ရန်ကုန်တက္ကသိုလ်ကို အောက်စဖိုဒ့်နှင့် ကိန်းဘရစ် တက္ကသိုလ် များ၏ စနစ်အတိုင်း ဖွဲ့စည်းခဲ့သည်။
သို့ဖြင့် ရန်ကုန်တက္ကသိုလ် ပေါ်လာခဲ့သည်။ ထိုသို့ ပေါ် ပေါက်လာခဲ့သော်လည်း ဝမ်းသာစရာမဖြစ်ခဲ့ပေ။ ဆန့်ကျင် လှုပ် ရှားမှုများ ပြုလုပ်ခဲ့ရသည်။ တက္ကသိုလ်အက်ဥပဒေပါ အချက် များကြောင့် ဖြစ်သည်။
တက္ကသိုလ်အက်ဥပဒေအရ ဆရာနှင့်တပည့် အတူနေ ထိုင်ကာ ပညာသင်ယူရသော စနစ်ဖြစ်သည်။ ထိုသို့ သင်ယူရာ၌ တက္ကသိုလ်တွင် နေထိုင်ကာ ပညာသင်ကြားခြင်းသည် စရိတ် ကြီးမြင့်ခြင်း၊ တက္ကသိုလ်ဝင်စ ကျောင်းသားများအနေဖြင့် အကြို တစ်နှစ် သင်ကြားရမည်ဖြစ်ခြင်း၊ တက္ကသိုလ်ကောင်စီနှင့် ပါမော က္ခအဖွဲ့တို့တွင် ပြင်ပလူကြီးများ အနည်းငယ် သာပါ ဝင်ခြင်း၊ အရစ်ကျစာစစ်ခြင်း စနစ်မရှိသည့်အပြင် ပြင်ပ ကျောင်းသား များအား ဖြေဆိုခွင့် မပြုခြင်း စသည့် အချက်များ ကြောင့် ရန်ကုန် တက္ကသိုလ် ဖြစ်လာစေမည့် တက္ကသိုလ် အက်ဥပဒေကို ကောလိပ် ကျောင်းသားများက ဦးဆောင် သပိတ်မှောက်ခဲ့ကြသည်။
ထိုသို့ သပိတ်မှောက်ခဲ့ခြင်းက မြန်မာတို့၏အမျိုးသား ရေး စိတ်ဓာတ်ကို ဗြိတိသျှအစိုးရအား လူငယ်များမှ ဦးဆောင် ပြီးပြသလိုက်ခြင်း ဖြစ်သည်။ ပညာရေးစနစ် ကောင်းငတ်မွတ်နေ သည့် မြန်မာများအတွက် ဗြိတိသျှအစိုးရက တက္ကသိုလ်တစ်ခုကို ထူထောင်ပေးလိုက်သည်။ သို့သော် လူတိုင်းအလွယ်တကူ တက် ရောက်နိုင်မှု မရှိစေရန်နှင့် လူတန်းစားခွဲခြားထားမှု ပြုလုပ်နိုင်ရန် ဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်။ ထိုအချက်ကို မြန်မာလူငယ်များက သိရှိခဲ့ပြီး သပိတ်မှောက်ခဲ့သည်။ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
ဗြိတိသျှအစိုးရက ပြင်ဆင်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ အတွက်ကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့တွင် ပထမဆုံးသော တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ထွက်လာ ခဲ့သည်။ ထိုနေ့သည် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်ဖြစ် သည်။ ယင်းနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သည်မှာ မျက် မှောက်ခေတ် အချိန်အထိ ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား သပိတ်ကို ကျောင်းသား ၁ဝ ဦးက ဦးဆောင်ခဲ့သည်။ ကိုဘဦး၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုညီပိတ်၊ ကိုလှတင်၊ ကိုဘရှင်၊ ကိုဘ ခင်၊ ကိုဖေသိန်း၊ ကိုထွန်းနှင့်ကိုအောင် ဒင်တို့ ဖြစ်ကြသည်။ ထိုသပိတ်မှောက် ကျောင်းသားများက ကျောင်းများမှ ထွက်ခွာခဲ့ကာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြားတောရ ဦးအရိယကျောင်းသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သပိတ် မှောက်ကျောင်းသားများက ဦးဆောင်ပြီး တက္ကသိုလ် အက် ဥပ ဒေကို ပြင်ဆင်ပေးရန် အချက် ၁၆ ချက်ပါ တောင်းဆိုချက် တစ် စောင်ကို ရန်ကုန်တက္ကသိုလ်၏ အဓိပတိနှင့် ဘုရင်ခံ လည်း ဖြစ်သည့် ဆာရယ်ဂျီနယ်ကရက်ဒေါက်ထံ တင်သွင်း ခဲ့သည်။
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုခဲ့သည့် အချက် ၁၆ ချက်က မြန်မာတို့၏ အမျိုးသားရေးစရိုက် လက္ခ ဏာကို အတိအလင်းပြဆိုခဲ့သည်။ ပညာရေးအတွက် တောင်း ဆိုမှုသာ မကဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရား ကိုပါ တပ်လှန့် လိုက်သည့် တောင်းဆိုချက်များ ပါဝင်ခဲ့သည်။ ဗြိတိသျှ အစိုးရ ကလည်းတောင်းဆိုချက်များကို လက်မခံဘဲပယ် ချခဲ့ သည်။ သပိတ်တွင်ပါဝင်သော ကျောင်းသားများကို ကျောင်းမှ ထုတ်ပစ် မည်ဟုပင် ခြိမ်းခြောက်ခဲ့ သည်။ သပိတ်မှောက် ကျောင်း သား များနှင့်အတူ အခြားသော ကျောင်းသားများလည်း ဝင်ရောက် ပူးပေါင်းလာခဲ့သည်။ ပညာရေးတောင်းဆိုမှုများမှ တစ်ဆင့် မြန်မာလူထု၏ နိုင်ငံရေးနိုးကြားမှုအသွင်သို့ ကူးပြောင်း လာခဲ့ ကြသည်။ သပိတ်တိုက်ပွဲများကလည်း အရှိန်မြင့် လာခဲ့သည်။
သပိတ်တိုက်ပွဲ ကာလအတွင်း ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း ပြသသည့်အနေဖြင့် လည်းကောင်း၊ မြန်မာလူ ငယ်များ၏ ပညာရေးအခက်အခဲ တွေ့ကြုံမှုမရှိစေရန်အတွက် လည်းကောင်း အမျိုးသားကျောင်းများ ဖွင့်လှစ်လာကြသည်။ အမျိုးသား ပညာရေးကောင်စီလည်း ပေါ်ပေါက်လာခဲ့သည်။ ၁၉ ၂၁ ခုနှစ်၌ အမျိုးသားကောလိပ်ကျောင်း ပေါ်ပေါက်လာ ခဲ့သည်။
သပိတ်ကျောင်းသားများ၏ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု၊ နိုင်ငံရေးပရိယာယ် မကြွယ်ဝမှုများကြောင့် ပထမ ကျောင်းသားသပိတ် ပျက်ပြယ်သွားခဲ့ရသည်။ ထိုသို့ ပျက်ပြယ် သွားသော်လည်း အကျိုးရလဒ်များထွက် ပေါ်ခဲ့သည်။ ၁၉၂၄ ခု နှစ်တွင် ဗြိတိသျှ အစိုးရက ပြဋ္ဌာန်းထားသော တက္ကသိုလ် အက် ဥပဒေကို ပြင်ဆင်ပေးလိုက်သည်။
ပြင်ဆင်လိုက်သော တက္ကသိုလ် အက်ဥပဒေသည် ပထမကျောင်းသား သပိတ်မှ တောင်းဆိုခဲ့သည့် အချက်များ အား လုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ပြင်ဆင်လိုက်သော ဥပဒေ၌ တက္ကသိုလ်အသစ် ဖြစ်နိုင်မည်ဟု မျှော်လင့်ရသော ကော လိပ်များကို နယ်များတွင် ဖွင့်လှစ်ရန်၊ ရန်ကုန် တက္ကသိုလ်က မထောက်ပံ့သော ကောလိပ်များကို ဖက်စပ်ပါဝင်သော ကော လိပ်များဟု အသိအမှတ်ပြုရန်၊ တက္ကသိုလ်တွင် အကြီးဆုံးအာ ဏာပိုင်ဖြစ် စေရန်အလို့ငှာ ကောင်စီကို တိုးချဲ့ဖွဲ့ စည်းရန်နှင့် ပြင်ပလူကြီးများပိုမိုခန့်ထားရန်၊ ပါမောက္ခအဖွဲ့သို့ ကောင်စီ က ရွေး၍ တင်လိုက်သော လူကြီးများသည် ပြင်ပလူကြီးများ သာဖြစ်ရန် ဟူသောအချက်များ ပါဝင်ခဲ့သည်။
ပြင်ဆင်ပေးလိုက်သော တက္ကသိုလ်အက်ဥပဒေအရ မြန်မာလူငယ်များ ပညာသင်ရန် အခွင့်အရေးများ ပိုမိုရရှိလာ သည်။ ပထမ ကျောင်းသား သပိတ်၏အရှိန်က မြန်မာတို့၏ နိုင်ငံ ရေးနိုးကြားစိတ်နှင့် အမျိုးသားရေးစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည့် နည်းတူ ဒုတိယ ကျောင်းသားသပိတ် အပါအဝင် မြန်မာ့ လွတ် လပ်ရေး ကြိုးပမ်းမှုတွင် ပေါ်ထွန်းလာမည့် ခေါင်းဆောင်များ လည်း ရန်ကုန်တက္ကသိုလ်မှ တစ်ဆင့် မွေးထုတ် ပေးနိုင်ခဲ့သည်။
ဒုတိယ ကျောင်းသားသပိတ်က ၁၉၃၆ ခုနှစ်၌ဖြစ်ခဲ့ သည်။ ထိုသပိတ်မှ တစ်ဆင့် အကျိုးရလဒ်အနေဖြင့် ဦးဖေမောင် တင်၊ ဒေါက်တာလှဖူးနှင့် ဦးဘ တို့မှာ ပထမမြန်မာ ကျောင်းအုပ် ကြီးများ ဖြစ်လာခဲ့သည်။ ဒုတိယကျောင်း သပိတ်၌ ဂျပ်ဆင်ကော လိပ် ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့သည်။
ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်၌ ပေါ်ပေါက်ခဲ့သော ကျောင်းသားသပိတ် များသည် တက္ကသိုလ်အက်ဥပဒေနှင့် ပတ် သက်ပြီး ဖြစ်ပေါ်ခဲ့သော သပိတ်များဖြစ်ကြသည်။ သပိတ်အား လုံးသည် မြန်မာလူငယ်များ၏ အမျိုးသားရေး စိတ်ဓာတ်ကို ပြဆို ခဲ့ခြင်းသာဖြစ်သည်။
ထိုသို့ပြဆိုခဲ့ခြင်းက နောင်တစ်ချိန် မြန်မာ့လွတ်လပ် ရေးအတွက် ဦးဆောင်ကြိုးပမ်းသူများ ဖြစ်လာမည့် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနုကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးထုတ်ပေး နိုင်ခဲ့ ကြသည်။ ထို့အပြင် ဦးသန့်၊ ဒေါက်တာ ဘမော်၊ ဦးသိန်းဖေ မြင့်၊ ဦးရာဇာတ်၊ ဒေါက်တာမောင်မောင်၊ ကာတွန်းဦးဘကလေး၊ မင်း သုဝဏ်၊ ဇော်ဂျီ အစရှိသည့် နိုင်ငံသမိုင်းတွင် တင်ကျန်ရစ် မည့်သူ များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။
ကောလိပ် ကျောင်းသားကြီးများ၏ အမျိုးသားရေး စိတ်ဓာတ်နှင့်အတူ ၁၉၂ဝ ပြည့်နှစ်အချိန်၌ ရန်ကုန်တက္ကသိုလ်က ထိုးထွက်လာခဲ့သည်။ ၁၉၄ဝပြည့်နှစ်နှင့် ၁၉၅ဝပြည့်နှစ်ကြား ကာလများ၌ ရန်ကုန်တက္ကသိုလ်သည် အာရှထိပ်တန်းအဆင့် တက္ကသိုလ်ဖြစ်ခဲ့သည်။ အာရှနိုင်ငံများမှ ကျောင်းသားများလည်း လာရောက်ပညာသင်ယူ ခဲ့ရသည်။
အထူးသဖြင့် ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စု ကြီးအတွင်းမှ ပြည်ထောင်စုကလေး တစ်ခုအဖြစ် မှတ်တမ်း ကျန်ရစ်နေခဲ့သည်။ တိုင်းရင်းသား ညီနောင်များဖြင့် ပြည်ထောင် စု မြန်မာနိုင်ငံကို တည်ဖွဲ့ထားသည်။ ထို ကဲ့သို့ပင် ဖြစ်သည်။ အနယ်နယ်အရပ်ရပ် မှလာရောက်ကြသည့် တိုင်းရင်းသား လူ ငယ်များပေါင်းစုံရာ ရပ်ဝန်းတစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်က တည်ရှိခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ် ပြည်ထောင်စု ရပ်ဝန်းငယ် အတွင်း မှ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူ များစွာ ပေါ် ထွက်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးအတွက် စွန့်စားလုပ် ဆောင်သူ များစွာလည်း ပေါ်ထွက်လာခဲ့သည်။ သမိုင်းစဉ်တစ်လျှောက် ဖြတ်သန်းခဲ့သူတိုင်းက ထိုအချက်ကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ ရန် ကုန်တက္ကသိုလ်၏ သမိုင်းစာမျက်နှာများက ယနေ့ထိတိုင် အ ရောင်တောက်ပနေဆဲ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်နှစ် ၅ဝ ပြည့် နှင့် ၇၅ နှစ်ပြည့်စိန်ရတုသဘင်ကို ခန်းနားစွာ ကျင်းပခဲ့ကြသည်။ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ရန်ကုန်တက္ကသိုလ်ဖြစ်တည်ခဲ့မှု နှစ် ၉ဝ ပြည့်ခဲ့ပြီဖြစ်ပါသည်။
ကိုးကား- (၁) ရန်ကုန်တက္ကသိုလ် နှစ် ၅ဝ ပြည့် စာ စောင်(၁၉၇ဝပြည့်နှစ်)၊ (၂) မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၁) (၃) နှစ်ငါးဆယ်တက္ကသိုလ်-မြန်မာ့အသံကျော်ဦး (၁၉၇ဝပြည့်နှစ်) (၄) တက္ကသိုလ် များသမိုင်း (၁၉၇ဝ ပြည့်နှစ်) http://www.news-eleven.com မှကူး ယူဖော်ပြပါ သည်။
နေထွန်းနိုင်
No comments:
Post a Comment