Tuesday, December 28, 2010

Charles Tilly's Framework နှင့် လူထုတိုက်ပွဲ

လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေးတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အချက်သုံးချက်ကို အာရုံစိုက် လေ့ လာလေ့ ရှိကြပါတယ်။ ပထမအချက်က လူထုတိုက်ပွဲ ပေါ်ထွက် လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ် တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံအင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံ များရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲ ဆင်နွှဲပုံ နည်းလမ်း စတာတွေ ဖြစ်ပါတယ်။ ဒုတိယ အချက်က တော်လှန်ရေး သန္ဓေတည်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။ တတိယအချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လိုစုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှု တွေကနေ လူထုတိုက်ပွဲကြီးပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါ တယ်။ အခုဒီဆောင်းပါးမှာ ဒီလို လူအုပ်စုတွေ စုစည်းလာမှုကနေ လူထုတိုက်ပွဲကြီးတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး Charles Tilly's Framework ကို အသုံးပြု တင်ပြပါမယ်။

Charles Tilly's Framework မှာ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်။

(၁) အကျိုးစီးပွား (Interests)
လူအများ စုပေါင်းပြီး အာဏာပိုင်တွေကို တော်လှန်ကြတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အကျိုး စီးပွားက ဘာ တွေလဲဆိုတာကို သေချာဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို ဖော်ထုတ်နိုင်မှသာ ဘုံအကျိုး စီးပွားကို ရှာဖွေပြီး ဘုံရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေ ဖော်ထုတ်တဲ့အခါ မှာ ရေတိုအကျိုးစီးပွားနဲ့ ရေရှည်အကျိုး စီးပွား နှစ်မျိုးစလုံးကို လေ့လာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ အုပ်စုလိုက် အကျိုးစီးပွားနဲ့ ခေါင်းဆောင်တွေရဲ့ တဦးချင်း အကျိုးစီးပွားတွေကို လေ့လာဖော်ထုတ်ပြီး အုပ်စုလိုက် အားပြိုင်မှုတွေ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းများနဲ့ ကိုယ်ကျိုးရှာ မှုများကို လေ့လာဖို့ လိုပါတယ်။ သို့မှသာ ကွဲပြားခြားနားတဲ့ တဦးချင်း အကျိုးစီးပွား၊ အုပ်စုလိုက် အကျိုးစီးပွား၊ တော်လှန်ရေး အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေအကြားမှာ ဘုံအ ကျိုးစီးပွားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုံအကျိုး စီးပွား ကို ရှာဖွေတွေ့ရှိလာတဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေ အကြားမှာ စုစည်းမှု ရှိလာတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်း တွေ ပေါ် ထွက်လာပါတယ်။

(၂) တော်လှန်ရေးအဖွဲ့အစည်း (Revolutionary Organization)

တော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာသုံး သပ်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ ရေချိန် (degree of organization) ကို ကနဦးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းဟာ စုစည်းညီညွတ်မှုမရှိပဲ တစစီပြိုကွဲနေတဲ့ အဖွဲ့အစည်းလား၊ စနစ် တကျ ညီညွတ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလား ဆိုတာပေါ် မူတည်ပြီး တော်လှန်ရေးအပေါ်မှာ အကျိုးသက်ရောက်နိုင်မှုနဲ့ ထိရောက်နိုင်မှုတွေက ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြရာမှာ common identity ပေါ် မူတည်ပြီး အဖွဲ့ အစည်း (ဥပမာ- ကျောင်းသား အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့အ စည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်း လေ့ရှိကြပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့ အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတင်မကပဲ အဖွဲ့အစည်း အတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေ အကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ် ထွက်လာပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှား မှုအားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှား မှုအားလျော့နေတတ်ပါတယ်။

(၃) လှုပ်ရှားမှု (Mobilization)
အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတ မျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာ ရှင်တွေရဲ့ မတရားဖိနှိပ်စော်ကား လာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်းလာပြီး၊ ခေါင်းဆောင်တွေ ပေါ် ထွက်လာတာဖြစ်ပါ တယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှု က ကနဦးစ တင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက် လာတာမျိုးပါ။
ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေး အတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန် ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ် ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို top-down approach လို့ သတ်မှတ် ကြပါတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ပြီး လှုပ်ရှားမှုကို ခေါ် ဆောင်ရတာ ဖြစ်ပါတယ်။
တတိယတမျိုးကတော့ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှု (preparatory mobilization) ဖြစ်ပါတယ်။ ဒါကတော့ အာဏာပိုင်တို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ပြီး ရ လာမယ့် တော်လှန်ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ် ကိုင်အသုံးပြုနိုင်ဖို့ကြိုတင်ပြင်ဆင်ထားရတဲ့ လှုပ်ရှား မှုဖြစ်ပါတယ်။ မြေအောက်ယူဂျီ ကွန်ယက်တည် ဆောက်ရေး လှုပ်ရှားမှု၊ တပ်ပေါင်းစု ဖော်ဆောင်ရေး လှုပ်ရှားမှုတွေဟာ ကြို တင်ပြင်ဆင်ရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

(၄) တော်လှန်ရေးအခွင့်အလမ်း (Opportunity)
တော်လှန်ရေးအခွင့်အလမ်း ပေါ်ထွက်မှုဟာ တော် လှန်ရေးအင်အားစုများနဲ့ နိုင်ငံတော်အကြားက ဆက်နွယ်မှု တွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အုပ်စုတွေအကြားမှာ ဘုံအကျိုးစီးပွားတွေ ရှာဖွေတွေ့ရှိလာပြီး တော်လှန်ရေး အဖွဲ့ အစည်းတွေ ပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အခါ နိုင်ငံတော်မှာ ရွေးချယ်စရာ နည်းလမ်းလေးခု ရှိပါတယ်။ ဖိနှိပ်မှု၊ အတိုင်းအတာ တခုအထိ လိုက်လျောဆက် ဆံမှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ နှိမ်နင်းမှုတွေ ဖြစ်ပါတယ်။
အစိုးရ အများစုကတော့ တော်လှန်ရေးအဖွဲ့ အစည်း တွေ ပေါ်ထွက်လာမှုတွေကို စောင့်ကြည့်လေ့လာမှု လိုက်လျော ဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေလုပ်လေ့ရှိပြီး၊ လှုပ်ရှားမှုဖြစ်လာတဲ့ အခါကျမှ နှိမ်နင်းမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလို နိုင်ငံတော်ရဲ့ တုန့်ပြန်မှုတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးအခွင့်ကောင်း တွေ ပေါ်ထွက်လာတတ်တာကြောင့် အခွင့်ကောင်းတွေကို အချိန်အခါနဲ့အညီ မိမိရရ ဆုပ်ကိုင် အသုံးပြုတတ်ဖို့ လိုအပ် ပါတယ်။
တော်လှန်ရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထည့် သွင်းစဉ်းစားဖို့ လိုအပ်ချက်တခုကတော့ အခွင့်အ လမ်းကို အသုံး ပြုခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ဆနိုင်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုခေါင်း ဆောင်တွေဟာ မိုက်ရူးရဲ ထင်ရာစိုင်း လုပ်နေသူတွေ မဖြစ်ရပါ ဘူး။ အချိန်အခါ၊ အခြေအနေကို ရှုမြင်သုံးသပ်ပြီး လူထုရေချိန်၊ တော်လှန်ရေးရေချိန်၊ အဖွဲ့အစည်းရေချိန်ကို ဆန်းစစ်နိုင်သူများ ဖြစ်ရပါမယ်။

(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ
လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထု တိုက်ပွဲမှာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ လူအများစုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါ မယ်။ ဒီတိုက်ပွဲဟာ ဘာကိုဦးတည်တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်း လာ အောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆိုတာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါ တယ်။

နိဂုံး
လူထုတိုက်ပွဲဆင်နွှဲဖို့အတွက် တော်လှန်ရေးအင်အား စုတွေ စုစည်းလာမှု၊ တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ထွက် လာမှု၊ လှုပ်ရှားမှုများ စတင်လာမှုတွေကို လေ့လာသုံး သပ်ကြရာမှာ သုတေသန ပညာရှင် အများအပြားက Charles Tilly's Framework ကို အသုံးပြုလေ့ရှိကြပါတယ်။ လူထု တိုက်ပွဲမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်မှုတွေ မှာလဲ Charles Tilly's Framework ကို အသုံးပြုပြီး လိုအပ်မယ့် လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အခွင့်အလမ်းတွေကို ဖော်ထုတ် ဖြည့်ဆည်း နိုင်တဲ့အတွက် ကမ္ဘာတဝှမ်းက တော်လှန်ရေးများမှာ အသုံးပြုနေကြပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။



ရည်ညွှန်းကိုးကား

Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and SonsOlson, M. (1965) The Logic of Collective action, Cambridge, Harvard University Press
Tilly, C. (1978) From mobilization to Revolution, New York, McGraw Hill

No comments:

Post a Comment