ဒီဇင်ဘာတဲ့လား ...
ဒီမှာတော့
တော်တန်ရုံ အနွေးထည်ခြုံလို့ မလုံနိုင်တဲ့ဆောင်းက
ရွှေ့ပြောင်းအလုပ်သမားလေးတယောက် ဘဝလို
ရေကြည်ရာမြက်နုရာခိုလှုံဖို့ ရောက်လာခဲ့ပြန်လေရဲ့ ...
ငါတို့ဟာ ...
တန်ဖိုးမဖြတ်နိုင်လှတဲ့
မွေးရာပါ လူ့အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပြီဆိုတော့
အဲဒီ ... ဒီဇင်ဘာရဲ့ နှင်းငွေ့နှင်းခဲ နှင်းပုလဲတွေကို
ငါတို့ရဲ့ အိမ်ဂေဟာတွေထဲမှာ
နွေးထွေးလုံခြုံအောင်လည်း သိမ်းဆည်းထားနိုင်ခွင့်ရှိ ကြတာပေါ့ ...
ငါတို့သာ စိတ်ဝင် တစားရှိကြသေးတယ်ဆိုရင်
ဟောဟိုခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့
တောင်တန်းမြင့်ကြီးတွေ ရှိရာဆီကို
ငါတို့ရဲ့ ခြေဖဝါးတွေနဲ့ တလှမ်းချင်းဆက်သွယ်နိုင်သလို
ဒီဘက်အခြမ်း မလှမ်းမကမ်းမှာ မြင်နေရတဲ့ပင်လယ်ပြာကြီးတွေထဲမှာလည်း
ငါတို့ရဲ့ ဆန္ဒတံဆိပ်တွေကို ရဲရဲကြီး ခပ်နှိပ်နိုင်ကြသေးရဲ့ ...
ငါတို့ဟာ ...
ငါတို့သွားချင်တဲ့နေရာတွေဆီကို ရောက်ဖို့အတွက်
အထပ်ထပ် စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားစရာမလိုသလို
ငါတို့ ဆွေမျိုးအပေါင်းအသင်းတွေရဲ့ အိမ်တွေမှာ
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ဖို့ရာအတွက်
ဘယ်ရုံး ကန္နား ဂတ်တဲမှာမှ ဧည့်စာရင်း တိုင်စရာလည်းမလိုဘူး ...
ငါတို့ရဲ့ ဖွင့်ထားတဲ့ အိမ်တံခါးမတွေက
အလုံပိတ်ထားတဲ့ စစ်စခန်းတွေရဲ့ တံခါးမတွေထက်လည်း
ပိုပြီးလုံခြုံစိတ်ချရတဲ့ အာမခံချက်မျိုးတွေကို ပေးနိုင်ကြလေရဲ့ ...
ငါတို့မှာ
ငါတို့ရင်ထဲက စကားတွေကို
ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့အတွက်
လင်းလက်တဲ့ သတင်းကွန်ယက်တွေ ရှိကြတယ် ...
ငါတို့အတွက်
အမှန်တရားတွေကို ဖော်ထုတ်ရေးသားနိုင်ဖို့
ကြားခံတည်းဖြတ် တံဆိပ်ကပ်ထားတဲ့ အယ်ဒီတာတွေလည်း မလိုအပ်ဘူး ...
ငါတို့မှာ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်
တားမြစ်ကန့်သတ်ချက်တွေ မရှိသလို
အခွင့်အရေး ပိတ်ဆို့ခံရမှုမျိုးတွေလည်း မရှိဘူး ...
ငါတို့ဟာ ...
အဓမ္မ ခိုင်းစေခံရမှုအပေါင်းနဲ့လည်း ကင်းဝေးတယ် ...
ငါတို့မှာ
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီး
ကိုယ့်ခရီး ကိုယ်ဖောက်ပိုင်ခွင့်ရှိတဲ့ လက်နှစ်ဖက်နဲ့
ကိုယ့်ခရီး ကိုယ်လျှောက် ပိုင်ခွင့်ရှိတဲ့ ခြေထောက် နှစ်ဖက်လည်းရှိကြရဲ့ ...
ဟောဟို ငါတို့ရှေ့နား ဒီဇင်ဘာတံတားပေါ်က
နှင်းအပြည့် ခုတ်မောင်း သယ်ဆောင်လာနေတဲ့
ဆောင်းရထားကြီးရဲ့ အတွင်းတွဲတနေရာမှာ
ပစ္စုပ္ပန်သတ်ပုံမပြည့်မစုံနဲ့ အနာဂတ်မလုံခြုံနိုင်သေးတဲ့
မြန်မာပြည်ထုတ် စာအုပ်တအုပ်ပါလာလေရဲ့ ...
အဲဒီစာအုပ်ကိုငါတို့ အားလုံးပြိုင်တူဖွင့်လို့
တရွက်ချင်းစီ လှန်ဖတ်ကြတာပေါ့ ...
ပြီးရင်
ငါတို့ရဲ့ အကျယ်လောင်ဆုံးအသံတွေနဲ့
တကမ္ဘာလုံးကကြားနိုင်အောင် သံပြိုင်ဟစ်ကြွေးလို့
မြန်မာပြည်အတွက် အလှဆုံးတေးတပုဒ်ကို
ငါတို့ရဲ့ လွတ်လပ်မှုတွေနဲ့အတူ ပေါင်းစပ်ရေးထုတ်ကြစို့ရဲ့ ...။
ဆောင်းယွန်းလ
ဒီဇင်ဘာ၊ ၅၊ ၂ဝ၁ဝ။
No comments:
Post a Comment